Posted on
10:24 PM
by ကြယ်ပန်းလူ
လက်ဖျံရိုးချင်းဆက်အမွှာ (သို့မဟုတ်) နေကြီး
သွေးမတော်သားမစပ်ညီအစ်ကို
လက်ဖျံရိုးချင်းဆက် အမွှာ
နေကြီး
မင်း ရုပ်ရှင်တွေသိပ်မကြည့်နဲ့
မင်းက အမြဲတမ်းဖိနပ်ပျောက်နေတဲ့ကောင်
သေနင်္ကဗျူဟာကျမ်းကြီးနဲ့
ဒုတ်မရှိ ဓါးမရှိ သူရဲကောင်းလုပ်ချင်နေတဲ့ကောင်
ဘယ်အိပ်မက်ကြီးဝယ်ချင်လဲ
မင်းမှာသွေးရှိတယ်
ရတယ်
မင်း အာရေဗျ ဘာသာစကားနဲ့ပြောလည်း
ငါနားလည်တယ်
နေကြီး ဟေ့ကောင်
ငါတို့ညတွေနည်းနည်းမှောင်တယ်
ဓါးရိုးကိုတင်းတင်းဆုပ်ထား
ကိုးကွယ်စရာမလိုဘူး
ဒုတိယဘုရားသခင်ကို ခြေထောက်အောက်ချနင်းပစ်မယ်
ငါတို့ဖတ်စာအုပ်ထဲကအတိုင်း
လေသံလား မြွေသံလား နားထောင်
ချိုလိမ်တွေကို ခဏခေါက်ထား
လမ်းပိတ်တယ်
အဲဒါ ငါတို့လမ်းပေါ်က ကျောက်ခဲတွေ
ဘုန်းကြီးသူရဲခေါင်းပေါင်းနဲ့
ငါက ကြက်ခြေခတ် နည်းနည်းများတယ်
မင်းဂရုဏာဒေါသတွေကိုငါချစ်ပါတယ်
လောလောဆယ်
ငါတို့နှစ်ယောက် ရင်ငွေ့ငတ်တယ်
ကိုငှက်ကြီးနဲ့ အတူတူအော်မယ်
ဆေးလိပ်တစ်လိပ်က အသက်သုံးမိနစ်တိုတယ်
မင်းနဲ့ငါ တစ်မိနစ်ခွဲစီ
စနေသားနှစ်ကောင်
အမောက်တထောင်ထောင်နဲ့
ငါတို့မှာ ဂျိုကာနှစ်ကောင်ရှိတယ်
ဟိုပါဠိ စကားကောင် ဒုက္ခ
ငါတို့မှာ အလံမရှိဘူး ဒိုးတော့
နေကြီး ဟေ့ကောင်
မင်းနဲ့ငါက သွေးမတော်သားမစပ်ညီအစ်ကို
လက်ဇျံရိုးချင်းဆက်ထားတဲ့ အမွှာ
ကြယ် ပန်း လူ
Posted on
9:55 PM
by ကြယ်ပန်းလူ
စကြာဝဠာရဲ့ နံရံတွေ
ငါ့အခန်းတံခါးကို လာခေါက်နေတာ ဘယ်သူလဲ
မြူတွေလား ၊ ဖုန်တွေလား ၊ စက္ကူပန်းတွေလား
ပြက္ခဒိန်အလိုအရ
ဒီနေ့ဟာ ဘာနေ့ဖြစ်မလဲ
လမ်းမပေါ်မှာတံလျှပ်တွေရှိနေလား
မိုးတွေရွာပြီးသွားရင် နှင်းတွေတကယ်ကျလာမှာလား
မိန်းမတစ်ယောက်သားကြောဖြတ်သလို
အရာရာကို ဖြတ်တောက်ထားဖို့မသေချာဘူး
ငါ့ဘေးမှာ ရှိနေတာ ငါ့အရိပ်ဆိုတာ မသေချာဘူး
မပြောဖြစ်သေးတဲ့စကားတွေအတွက် စိုးရိမ်တယ်
မီးလောင်လိုက် ရေနစ်လိုက်နဲ့
ငါ့ ခန္ဓာ က အငွေ့နဲ့တည်ဆောက်ထားတာ
စီးကရက်ဘူး ထဲက ဆေးလိပ်တွေ
ပြာခွက်ထဲ လာသေနေတယ်
ညနေက ကြယ်
အလင်းနဲ့ အတူသေသွားတယ်
ခဏလေးပဲ
ငါးမျှားချိတ်ကို မတင်လိုက်ပါတော့
ရေထဲမှာ ဘာငါးမှမရှိဘူး
စကြာဝဠာ ဟာ သုညတစ်လုံးပဲ
မံမီတွေလို မသေခင်က ဆေးစိမ်နေတဲ့မိန်းမတွေ
သဘာဝသမိုင်းပြတိုက်ထဲက ဒိုင်နိုဆော အရိုးစုတွေ
အံစာတုံးတစ်တုံးရဲ့ မျက်နှာပြင်တွေ
စကြာဝဠာ ရဲ့ နံရံတစ်ဖက်ကိုထိစမ်းချင်စိတ်နဲ့
ရူးချင်ယောင်ဆောင်နေတဲ့အရူးကို လွှတ်ထားလိုက်ပါ
ကြယ် ပန်း လူ
Posted on
1:13 AM
by ကြယ်ပန်းလူ
တက်တူး
အရိုးထိစွဲအောင် တက်တူးထိုးလိုက်တယ်
“မင်းကိုချစ်တယ်ဆိုတာ
သံသရာကို စိန်ခေါ်လိုက်တာပဲ”
ကြယ် ပန်း လူ
Posted on
12:04 AM
by ကြယ်ပန်းလူ
ည ၊ ခြောက်ကြိုးတပ်ဂစ်တာ နဲ့ အစိမ်းသေ
စက္ကူပန်း ရနံ့ ။
ပေတစ်ရာပေါ် လွှတ်ကျောင်းထားတဲ့ နွားတစ်ကောင် ။
မျက်ကြည်လွှာ ပျက်စီးမှုရောဂါ ။
မိမွေးတိုင်း ဖမွေးတိုင်း မဟုတ်တော့တဲ့ အရေပြား ။
ဇယားငြိခြင်း ၊ အဖျားမိခြင်း ။
အလှပဆုံး ၀င်္ကဘာ ။
နေ့တိုင်း
အမှောင်အောက်မှာ
ခြောက်ကြိုးတပ်ဂစ်တာကို ငါတီးတယ် . . . .
အစိမ်းသေဆိုတော့
ကျွတ်လွတ်ဖို့မလွယ်ဘူး မဟုတ်လား
ကြယ် ပန်း လူ
Posted on
4:57 AM
by ကြယ်ပန်းလူ
လေ အလွင့် စိတ် အလွင့်
သက်စွန့်ဆံဖျား ရွက်လွှင့်ခဲ့ရတာ
တော်ရာမှာ ပျော်သလိုသာနေ
ကံကြမ္မာကို ကျိန်ဆဲပြီး
ဒီ ဂစ်တာအိုကြီး တဒေါင်ဒေါင် တီးနေရတာ
ယဉ်ကျေးမှုမတူရင် ခပ်ဝေးဝေးနေရုံပဲ
ကန္တာရထဲမှာ ညကိုပဲ မျှော်နေရတာ
မီးလောင်ဒဏ်ရာကို
ရှေးဦးသူနာပြုစုနည်းနဲ့ ကုသခဲ့ရတာ
ရူးချင်ယောင် မဆောင်ချင်နဲ့
ကိုယ့်ဇာတာနဲ့ကိုယ်ပဲ
လွတ်ရာကျွတ်ရာမှာ
လေချွန်နေလိုက်မယ်
ကြယ်ပန်းလူ
Posted on
4:55 AM
by ကြယ်ပန်းလူ
စနေနေ့ညနေက ဈာပန
အေးစက်စက်
တိတ်ဆိတ် ရက်စက်စွာ ရောက်ရှိလာသောအမှောင်
အပ်ရာတွေ မွစာကျဲနေတဲ့ ငါ့အရေပြား
ထိုးထည့်ထားတဲ့ ပိုက်တွေက မြွေတွေလို တန်းလန်းကျလို့
အပေါ်သွေး- ၁၀၀ အောက်သွေး -ဝ
အာရုံကြောတလျှောက် ထိုးသွင်းခံလိုက်ရတဲ့ ထုံဆေး
ငါ့ နှလုံးသားတည့်တည့် တ၀ုန်းဝုန်း ရိုက်နေသော
လျှပ်ရိုက် ကိရိယာ
ခံစားမှုတစ်စုံတစ်ရာ မရှိတော့တဲ့ စိတ်ဝိဥာဉ်
နောက်
ခြေသံများ .............
တချက်ချက်မြည်နေတဲ့ စိတ္တဇဆန်လွန်းသော နာရီသံ
လေထုထဲ အစိမ်းရောင်တွေသာမွှန်ထူလို့
ဝေဒနာကို ငြီးဆိုဖို့ ငါ့အသံဟာ ပျောက်ဆုံးလို့
တရားတော်ကို ဦးညွှတ်ဖို့ ငါ့စိတ်ဟာ အထိန်းအကွပ်မဲ့လို့
ဟို အဝေးတစ်နေရာရာ
ငါ့ရင်ကို တည့်တည့်ဝင်လာတဲ့ လွမ်းဖွယ်ဆွေးဖွယ်ဂီတ
ခြောက်ကပ်ပူလောင်ရင်း သေငယ်ဇောနဲ့ မြောနေတယ် ......
လူနာဆောင် ၊ အခန်း (၂၃)
အသက်ရှူမရပ်ခင် သေဆုံးခဲ့ပြီဖြစ်သောလူနာ
စနေနေ့ညနေ မိုးတွေညို့တက်လာတဲ့အချိန်
ငါသေဆုံးခဲ့တယ် ........
မိုးထဲရေထဲ
ဈာပနဟာ ညိုမွဲ ကွဲအက်လို့ ...........
ကြယ် ပန်း လူ
Posted on
4:52 AM
by ကြယ်ပန်းလူ
သေချင်တဲ့အခါ ရှေ့သွားများကိုသတိရပါ
သေနတ်တစ်လက်ရှိမနေခဲ့
အဆိပ်ခွက်လည်း ရှိမနေခဲ့
သေချင်တဲ့အခါ ရှေ့သွားများကိုသတိရပါ
ကုလားဖန်ထိုးတာထိုင်ကြည့်ပြီး
ဖဲချိုးခွင့်မရတဲ့ ဖဲသမား
အမှောင်ဟာ
ထူထူထဲထဲ စောစောစီးစီး ရောက်ရှိလာခဲ့
လကွယ်ည ၌ လမရှိ
ငါ့လက်ဖျံ ၌ နာရီမရှိ
အန္တရယ် ရှိနေတဲ့လူ
မင်းဟာ ထောင့်အရပ်မသင့်တော့ဘူး
အမှောင်ထဲငုတ်တုတ်ထိုင်
မြင်ကွင်းအသေတွေထိုင်ကြည့်
ကြယ်တံခွန်တွေထိုင်ကြည့်
ဂြိုဟ်အသွားအလာတွေထိုင်ကြည့်
မင်းဟာအကုသိုလ်ကောင်ပဲ
ဘယ်သူနဲ့ ကြွေအံ ကစားချင်သေးလဲ
သေချင်တဲ့အခါ ရှေ့သွားများကိုသတိရပါ
ကြယ် ပန်း လူ
Posted on
4:48 AM
by ကြယ်ပန်းလူ
ရွာရန် ရာနှုန်း သုည ဒဿမ သုည သုည
မိုးတိမ်တွေ
သူတို့ဇက်ကြိုးကို ခုတ်ဖြတ်ပြီးထွက်သွားတယ်
ငါလည်း တိမ်တွေနောက်လိုက်ခဲ့တယ်
ငါ့အိပ်မက်ကို ကိုက်ဖြတ်ပြီးတော့
စိတ်ပြေလက်ပျောက်
ပင်လယ်ကိုသီချင်းလုပ်ဆိုကြည့်တော့
လှိုင်းတွေက အမောက်ထောင်ပြတယ်
ငါက လေးလေးလံလံ ပေါ့ပါးနေတဲ့ ကောင်ပါ
ဇက်ကိုလိမ်ချိုးပြီး
ရင်အုံကိုနားစွင့်မိတယ်
မနေတတ်မထိုင်တတ်နဲ့
ငါ့မိုက်လုံးကြီးမှုက မြင်သာတယ်
မိုးတိမ်တွေကပြောတယ်
က-ဗျာ က-ဗျာ တဲ့
ငါ မကဘဲ ထွက်လာခဲ့တယ်
တစ်ချက်တစ်ချက် တစ် ချက် ချက် နဲ့
နာရီတွေက နာ နာ ကျင် ကျင် ရီ (ရယ်) တယ်
သည်းသည်းမဲမဲ သွန်ချလိုက်ချင်တယ်
ခြေဦးတည့်ရာပဲပေါ့
ခြေဦးတွေက မင်းရှိရာ အရပ်ပဲ လှည့်လှည့်နေတော့
မြေ၀ိုင်းဇာတ်မှာ
ခုနှစ်လွှာကမဲ့ ကခြေသည်မရေ
ငါ့ ဗုံသံက တိုးတိတ်လွန်းနေမလား
ရွာရန် ရွာနှုန်း သုည ဒဿမ သုည သုည နဲ့
မထွေးနိုင် မအန်နိုင် ရောဂါရနေတဲ့ မိုးတိမ်
ငါက မြုံနေတဲ့ မိုးတိမ်ပါ
ထုံပေပေနဲ့
လေးလေးလံလံ ပေါ့ပါးနေခဲ့တာလေ
ကြယ် ပန်း လူ
Posted on
4:41 AM
by ကြယ်ပန်းလူ
အရောင်ပျော် အ၀ိဇ္ဇာ
စွဲမက်စေရန် အလို့ငှာ ပေါင်းစပ်ပျော်ဝင်နေသော
အရောင်များ
ကင်းဗတ်(စ်) စပေါ်က စိတ္တဇ ပန်းချီကားတစ်ချပ်
အညိုရင့်ရောင် ကော်ဖီတစ်ခွက်
နေ့စဉ်ထုတ် အဖြူရောင် သတင်းစာ
ရုတ်တရက်
လျှပ်စစ်ဝါယာကြိုးထဲက ခုန်ထွက်လာတဲ့
အနီရောင်စာသား သီချင်းတစ်ပုဒ်
ငါ့ အချိန်တွေကို ခိုးယူတတ်တဲ့
အပြာရောင် ဂျာစီဝတ် ဘောလုံးအသင်း
ရဲရဲတောက် နေရောင်အောက်
ပွဲဈေးတန်းက အပေါစား ရောင်စုံမျက်နှာဖုံးနဲ့
အညိုရောင် ၀ံပုလွေများ
အမည်းရောင် အရှက်ကာ မျက်မှန်
အဖြူအမည်း စစ်တုရင်ခုံပေါ်က နယ်ရုပ်များ
အမည်းရောင်ငွေ စက္ကူ
နွမ်းရိသွားသော ခရမ်းရောင်ပန်းတစ်ပွင့်
မာယာ နဲ့ဖျော်ထားတဲ့ နီယွန်ရောင်တောက်တောက် ညထဲမှာ
မီးတောက်ရောင် ၀တ်ရုံနဲ့ လျှောက်လမ်းပေါ်က အင်္ဂါဂြိုဟ်သူ
လမ်းဘေး အဖြူအနီကြား ပလက်ဖောင်း
ဇက်ကြိုးမဲ့
မီးခိုးရောင်လေလွင့်တိမ်တိုက်
ပန်းနုရောင် ခြေဖမိုးတစ်စုံ
အဆိပ်ရနံ့သင်းတဲ့ အပြာရောင်နှုတ်ခမ်း
လက်ထဲက၀ှက်ဖဲ ၊ အနီရောင် ဂျိုကာ
ကြိုးတန်းလမ်းလျှောက် အ၀ါရောင် ဆပ်ကပ်သမား
ခေါင်းပေါ်က အနီရောင်မိုးစက်များ
နိမိတ်ဖတ်ပုဏ္ဏားရဲ့ ``ရောင်စုံ ၀င်္ကဘာ ´´ ကဗျာစာအုပ်
အသံမထွက်နိုင်တဲ့ အဖြူအမည်းရုပ်ရှင်
ပုစွန်ဆီရောင် ညနေခင်းတိမ်ဆိုင်
ဖျော်စပ်သောက်မိတဲ့ ရွှေအိုရောင် ၀ိုင်တစ်ခွက်
ရောက်ရှိသွားတဲ့ အစိမ်းရောင်တောအုပ်
ညအနက်ထဲ
မက်ခဲ့မိတဲ့ အပြာရောင်အိပ်မက်
ပန်းချီဆရာဆီက ထွက်ကျလာတဲ့ သွေးစိမ်းရှင်ရှင်
ဆေးစက်မကျသေးတဲ့ လက်ကျန် ကင်းဗတ်(စ်) စ အဖြူရောင်
နောက်
အရောင်တွေထဲမှာ ပျော်နေတဲ့ အ၀ိဇ္ဇာတစ်ကောင် ..........
ကြယ် ပန်း လူ