ကျွန် တော် သည် ကြွက် တစ် ကောင် ဖြစ် သည်


ခေါင်းစဉ်ကို ပွတ်သပ်လှုပ်နှိုးကြည့်တဲ့ အခါ

တစ်စုံတစ်ရာ တွေ့မိလိုက်သလား

ငါ ပြောစရာ(ပေးစရာ) တစ်ခုခုရှိတယ် သူ့ကို

ငါ့ရဲ့ လွန်လေပြီးသော ဒဏ်ရာ အဟောင်းအနွမ်းလေး အကြောင်း

ဒါမှမဟုတ်

လတ်လတ်ဆတ်ဆတ် ၀င်တိုက်မိခဲ့တဲ့ ခဲတစ်လုံး အကြောင်း

ဒါမှမဟုတ် . . . မနက်အိပ်ရာထမှာ သမ်းဝေမိခဲ့တဲ့ အကြောင်း



အကြောင်းအရာ ၊ မာတိကာ

လောင်ကျွမ်းနေ သောက ဗျာပါဒ များ

လောင်ကျွမ်းနေသော ကဗျာ ပါဒ များ

တည်နေရာ ၊ အကျယ်အ၀န်း ၊ မိုင်များ

ပြောဇာတ် ၊ ပြဇာတ် ၊ လုပ်ဇာတ် ၊ ထိုးဇာတ် တွေလား

ငါ့စိတ်နဲ့ ငါ့အရိပ်

အရုပ်ကိုတစ်ကွက်ချင်း ဆက် ၊ ပြီးတော့ ပြန်ဖျက် ၊ နောက် ပြန်ဆက်

မီးခိုးတွေ အူထွက်လာအောင် ရှို့ပစ်

မိုင်းကွင်းပေါ် တက်နင်းမိထားတဲ့ ခြေထောက်

ရွေ့လိုက်တာနဲ့ တစ်စစီ တစ်စစီ လွင့်စင် ကွဲထွက် သွားသလိုမျိုး

မြွေပဲ

'' ဟ '' နေတဲ့အထဲ အဆုံထိတိုးဝင် လို့

အရိပ်တွေလား

အစက် အပြောက်များ ၊ ကျမ်းကိုး စာရင်း

သတင်းစာ ဖြတ်စများ ၊ ပုဒ်မ

ရာဇ၀င်အဆက်ဆက် သူရဲကောင်းတို့၏ အမည်နာမများ

ပါရီ မြို့ကမှော်ဆရာများ

နမိတ် တဘောင်များ ၊ မီးကျိုးမောင်းပျက် ဒဿနများ

ဗုံမဟုတ်ပတ်မဟုတ် ဘ၀နေနည်းများ ၊ ပုံတို ပတ်စ များ

( လက်သည်းကွင်းထဲ က အရှိတရား / အဇြေ )

သံလိုက် အမှုံအမွှား အစ အန များ တဆတ်ဆတ် တွန်းထိုးရုန်းကန်နေကြ

လက်ပူးလက်ကြပ်မိထားတဲ့ လေတောင် အစိတ်စိတ်အမွှာမွှာ ကွဲအက်

အမှိုက်ပုံလိုပဲ ရှုပ်ရှပ် ခတ် တစ်စစီ ပြန့်ကျဲလို့


့ ရုပ်ခန္ဓာ အစိုင်အခဲ ဖြစ်တည်မှု

ငါ့ သွေးကြောတစ်လျှောက်

တလိမ့်ခေါက်ကွေး ဆန်တက်လာသော အက္ခရာများ

နောက်ဆုံး မျဉ်းစောင်းတစ်ခု

ငါ့လည်မျိုမှာ စောင်းငန်းငန်း လာ တစ်နေတယ်



အမှောင်ကို နံရံအပြည့်ဆွဲချ

လက်စလက်န မကျန်အောင် အစဖျောက်ပစ်လိုက်တယ်

ဘာကိုမှ မမြင်ရတော့တဲ့အထိ


ကြယ် ပန်း လူ

မျက်လှည့်ဆရာ နဲ့ လူပြက်

Posted on 6:21 AM by ကြယ်ပန်းလူ


မျက် လှည့် ဆ ရာ နဲ့ လူ ပြက်



သူ့လက်နဲ့ ထိရင် မီးထတောက်တဲ့ မျက်လှည့်ဆရာ

သူ့မှော်ဝင်သေတ္တာလေးနဲ့ စင်ပေါ်မှာ ရှုတည်တည်ရပ်နေတယ်
ကုတ်အင်္ကျီ ရှည်ရှည်မည်းမည်းကြီးထဲ လက်နှစ်ဖက်နှိုက်လို့

အာမေဋိတ်သံတွေကို ဆာလောင်နေပုံမျိုး

အရူးတွေကို အရိုးထိရူးအောင်လုပ်မဲ့ပုံမျိုး



အ၀တ်အစား ကြောင်ကြောင်ကြားကြားနဲ့ လူပြက်

အရေခွံထူတဲ့ သတ္တ၀ါတစ်ကောင်လို

တစ်လောကလုံးကို ရယ်သွမ်းသွေးပစ်မဲ့ ပုံမျိုး

စင်ထောင့်ကရပ်ကြည့်လို့



မျက်လှည့်ဆရာလက်ထဲမှာ

စက္ကူတစ်ရွက်ဟာ ပန်းတစ်ပွင့်ဖြစ်သွားနိုင်တယ်

ကြယ်တွေ အခိုင်လိုက် ကြွေကျလာနိုင်တယ်

ကြိုးတစ်ချောင်းဟာ မြွေတစ်ကောင်ဖြစ်သွားနိုင်တယ်

သူ့သေတ္တာထဲဝင်ပြီး ကိုယ်ရောင်ဖျောက်ပြနိုင်တယ်

မျက်လှည့်ဆရာက ပြောတယ်

သူ့“ လက်နှစ်ဖက်ပေါ်မှာ

ကမ္ဘာကိုတစ်ခြမ်းစီတင်ထားလို့ ရတယ် ” တဲ့



အရေထူ လူပြက်

လက်လက် ပပ ပြုံးတယ်

မှော်ဝင် ပဉ္စလက်

မှော်ဝင်သေတ္တာ ၊ မှော်ဝင်လက်

ယုတ်စွအဆုံး မျက်လှည့်ဆရာကိုယ်တိုင်

လူပြက်တစ်ယောက်အတွက်တော့

ပြောင်မြောက်တဲ့ “ ပြက်လုံး ” တွေပါပဲ



ကြယ် ပန်း လူ