Posted on
12:04 AM
by ကြယ်ပန်းလူ
ည ၊ ခြောက်ကြိုးတပ်ဂစ်တာ နဲ့ အစိမ်းသေ
စက္ကူပန်း ရနံ့ ။
ပေတစ်ရာပေါ် လွှတ်ကျောင်းထားတဲ့ နွားတစ်ကောင် ။
မျက်ကြည်လွှာ ပျက်စီးမှုရောဂါ ။
မိမွေးတိုင်း ဖမွေးတိုင်း မဟုတ်တော့တဲ့ အရေပြား ။
ဇယားငြိခြင်း ၊ အဖျားမိခြင်း ။
အလှပဆုံး ၀င်္ကဘာ ။
နေ့တိုင်း
အမှောင်အောက်မှာ
ခြောက်ကြိုးတပ်ဂစ်တာကို ငါတီးတယ် . . . .
အစိမ်းသေဆိုတော့
ကျွတ်လွတ်ဖို့မလွယ်ဘူး မဟုတ်လား
ကြယ် ပန်း လူ
Posted on
4:57 AM
by ကြယ်ပန်းလူ
လေ အလွင့် စိတ် အလွင့်
သက်စွန့်ဆံဖျား ရွက်လွှင့်ခဲ့ရတာ
တော်ရာမှာ ပျော်သလိုသာနေ
ကံကြမ္မာကို ကျိန်ဆဲပြီး
ဒီ ဂစ်တာအိုကြီး တဒေါင်ဒေါင် တီးနေရတာ
ယဉ်ကျေးမှုမတူရင် ခပ်ဝေးဝေးနေရုံပဲ
ကန္တာရထဲမှာ ညကိုပဲ မျှော်နေရတာ
မီးလောင်ဒဏ်ရာကို
ရှေးဦးသူနာပြုစုနည်းနဲ့ ကုသခဲ့ရတာ
ရူးချင်ယောင် မဆောင်ချင်နဲ့
ကိုယ့်ဇာတာနဲ့ကိုယ်ပဲ
လွတ်ရာကျွတ်ရာမှာ
လေချွန်နေလိုက်မယ်
ကြယ်ပန်းလူ
Posted on
4:55 AM
by ကြယ်ပန်းလူ
စနေနေ့ညနေက ဈာပန
အေးစက်စက်
တိတ်ဆိတ် ရက်စက်စွာ ရောက်ရှိလာသောအမှောင်
အပ်ရာတွေ မွစာကျဲနေတဲ့ ငါ့အရေပြား
ထိုးထည့်ထားတဲ့ ပိုက်တွေက မြွေတွေလို တန်းလန်းကျလို့
အပေါ်သွေး- ၁၀၀ အောက်သွေး -ဝ
အာရုံကြောတလျှောက် ထိုးသွင်းခံလိုက်ရတဲ့ ထုံဆေး
ငါ့ နှလုံးသားတည့်တည့် တ၀ုန်းဝုန်း ရိုက်နေသော
လျှပ်ရိုက် ကိရိယာ
ခံစားမှုတစ်စုံတစ်ရာ မရှိတော့တဲ့ စိတ်ဝိဥာဉ်
နောက်
ခြေသံများ .............
တချက်ချက်မြည်နေတဲ့ စိတ္တဇဆန်လွန်းသော နာရီသံ
လေထုထဲ အစိမ်းရောင်တွေသာမွှန်ထူလို့
ဝေဒနာကို ငြီးဆိုဖို့ ငါ့အသံဟာ ပျောက်ဆုံးလို့
တရားတော်ကို ဦးညွှတ်ဖို့ ငါ့စိတ်ဟာ အထိန်းအကွပ်မဲ့လို့
ဟို အဝေးတစ်နေရာရာ
ငါ့ရင်ကို တည့်တည့်ဝင်လာတဲ့ လွမ်းဖွယ်ဆွေးဖွယ်ဂီတ
ခြောက်ကပ်ပူလောင်ရင်း သေငယ်ဇောနဲ့ မြောနေတယ် ......
လူနာဆောင် ၊ အခန်း (၂၃)
အသက်ရှူမရပ်ခင် သေဆုံးခဲ့ပြီဖြစ်သောလူနာ
စနေနေ့ညနေ မိုးတွေညို့တက်လာတဲ့အချိန်
ငါသေဆုံးခဲ့တယ် ........
မိုးထဲရေထဲ
ဈာပနဟာ ညိုမွဲ ကွဲအက်လို့ ...........
ကြယ် ပန်း လူ
Posted on
4:52 AM
by ကြယ်ပန်းလူ
သေချင်တဲ့အခါ ရှေ့သွားများကိုသတိရပါ
သေနတ်တစ်လက်ရှိမနေခဲ့
အဆိပ်ခွက်လည်း ရှိမနေခဲ့
သေချင်တဲ့အခါ ရှေ့သွားများကိုသတိရပါ
ကုလားဖန်ထိုးတာထိုင်ကြည့်ပြီး
ဖဲချိုးခွင့်မရတဲ့ ဖဲသမား
အမှောင်ဟာ
ထူထူထဲထဲ စောစောစီးစီး ရောက်ရှိလာခဲ့
လကွယ်ည ၌ လမရှိ
ငါ့လက်ဖျံ ၌ နာရီမရှိ
အန္တရယ် ရှိနေတဲ့လူ
မင်းဟာ ထောင့်အရပ်မသင့်တော့ဘူး
အမှောင်ထဲငုတ်တုတ်ထိုင်
မြင်ကွင်းအသေတွေထိုင်ကြည့်
ကြယ်တံခွန်တွေထိုင်ကြည့်
ဂြိုဟ်အသွားအလာတွေထိုင်ကြည့်
မင်းဟာအကုသိုလ်ကောင်ပဲ
ဘယ်သူနဲ့ ကြွေအံ ကစားချင်သေးလဲ
သေချင်တဲ့အခါ ရှေ့သွားများကိုသတိရပါ
ကြယ် ပန်း လူ
Posted on
4:48 AM
by ကြယ်ပန်းလူ
ရွာရန် ရာနှုန်း သုည ဒဿမ သုည သုည
မိုးတိမ်တွေ
သူတို့ဇက်ကြိုးကို ခုတ်ဖြတ်ပြီးထွက်သွားတယ်
ငါလည်း တိမ်တွေနောက်လိုက်ခဲ့တယ်
ငါ့အိပ်မက်ကို ကိုက်ဖြတ်ပြီးတော့
စိတ်ပြေလက်ပျောက်
ပင်လယ်ကိုသီချင်းလုပ်ဆိုကြည့်တော့
လှိုင်းတွေက အမောက်ထောင်ပြတယ်
ငါက လေးလေးလံလံ ပေါ့ပါးနေတဲ့ ကောင်ပါ
ဇက်ကိုလိမ်ချိုးပြီး
ရင်အုံကိုနားစွင့်မိတယ်
မနေတတ်မထိုင်တတ်နဲ့
ငါ့မိုက်လုံးကြီးမှုက မြင်သာတယ်
မိုးတိမ်တွေကပြောတယ်
က-ဗျာ က-ဗျာ တဲ့
ငါ မကဘဲ ထွက်လာခဲ့တယ်
တစ်ချက်တစ်ချက် တစ် ချက် ချက် နဲ့
နာရီတွေက နာ နာ ကျင် ကျင် ရီ (ရယ်) တယ်
သည်းသည်းမဲမဲ သွန်ချလိုက်ချင်တယ်
ခြေဦးတည့်ရာပဲပေါ့
ခြေဦးတွေက မင်းရှိရာ အရပ်ပဲ လှည့်လှည့်နေတော့
မြေ၀ိုင်းဇာတ်မှာ
ခုနှစ်လွှာကမဲ့ ကခြေသည်မရေ
ငါ့ ဗုံသံက တိုးတိတ်လွန်းနေမလား
ရွာရန် ရွာနှုန်း သုည ဒဿမ သုည သုည နဲ့
မထွေးနိုင် မအန်နိုင် ရောဂါရနေတဲ့ မိုးတိမ်
ငါက မြုံနေတဲ့ မိုးတိမ်ပါ
ထုံပေပေနဲ့
လေးလေးလံလံ ပေါ့ပါးနေခဲ့တာလေ
ကြယ် ပန်း လူ
Posted on
4:41 AM
by ကြယ်ပန်းလူ
အရောင်ပျော် အ၀ိဇ္ဇာ
စွဲမက်စေရန် အလို့ငှာ ပေါင်းစပ်ပျော်ဝင်နေသော
အရောင်များ
ကင်းဗတ်(စ်) စပေါ်က စိတ္တဇ ပန်းချီကားတစ်ချပ်
အညိုရင့်ရောင် ကော်ဖီတစ်ခွက်
နေ့စဉ်ထုတ် အဖြူရောင် သတင်းစာ
ရုတ်တရက်
လျှပ်စစ်ဝါယာကြိုးထဲက ခုန်ထွက်လာတဲ့
အနီရောင်စာသား သီချင်းတစ်ပုဒ်
ငါ့ အချိန်တွေကို ခိုးယူတတ်တဲ့
အပြာရောင် ဂျာစီဝတ် ဘောလုံးအသင်း
ရဲရဲတောက် နေရောင်အောက်
ပွဲဈေးတန်းက အပေါစား ရောင်စုံမျက်နှာဖုံးနဲ့
အညိုရောင် ၀ံပုလွေများ
အမည်းရောင် အရှက်ကာ မျက်မှန်
အဖြူအမည်း စစ်တုရင်ခုံပေါ်က နယ်ရုပ်များ
အမည်းရောင်ငွေ စက္ကူ
နွမ်းရိသွားသော ခရမ်းရောင်ပန်းတစ်ပွင့်
မာယာ နဲ့ဖျော်ထားတဲ့ နီယွန်ရောင်တောက်တောက် ညထဲမှာ
မီးတောက်ရောင် ၀တ်ရုံနဲ့ လျှောက်လမ်းပေါ်က အင်္ဂါဂြိုဟ်သူ
လမ်းဘေး အဖြူအနီကြား ပလက်ဖောင်း
ဇက်ကြိုးမဲ့
မီးခိုးရောင်လေလွင့်တိမ်တိုက်
ပန်းနုရောင် ခြေဖမိုးတစ်စုံ
အဆိပ်ရနံ့သင်းတဲ့ အပြာရောင်နှုတ်ခမ်း
လက်ထဲက၀ှက်ဖဲ ၊ အနီရောင် ဂျိုကာ
ကြိုးတန်းလမ်းလျှောက် အ၀ါရောင် ဆပ်ကပ်သမား
ခေါင်းပေါ်က အနီရောင်မိုးစက်များ
နိမိတ်ဖတ်ပုဏ္ဏားရဲ့ ``ရောင်စုံ ၀င်္ကဘာ ´´ ကဗျာစာအုပ်
အသံမထွက်နိုင်တဲ့ အဖြူအမည်းရုပ်ရှင်
ပုစွန်ဆီရောင် ညနေခင်းတိမ်ဆိုင်
ဖျော်စပ်သောက်မိတဲ့ ရွှေအိုရောင် ၀ိုင်တစ်ခွက်
ရောက်ရှိသွားတဲ့ အစိမ်းရောင်တောအုပ်
ညအနက်ထဲ
မက်ခဲ့မိတဲ့ အပြာရောင်အိပ်မက်
ပန်းချီဆရာဆီက ထွက်ကျလာတဲ့ သွေးစိမ်းရှင်ရှင်
ဆေးစက်မကျသေးတဲ့ လက်ကျန် ကင်းဗတ်(စ်) စ အဖြူရောင်
နောက်
အရောင်တွေထဲမှာ ပျော်နေတဲ့ အ၀ိဇ္ဇာတစ်ကောင် ..........
ကြယ် ပန်း လူ
Posted on
6:36 AM
by ကြယ်ပန်းလူ
ကျွန် တော် သည် ကြွက် တစ် ကောင် ဖြစ် သည်
ခေါင်းစဉ်ကို ပွတ်သပ်လှုပ်နှိုးကြည့်တဲ့ အခါ
တစ်စုံတစ်ရာ တွေ့မိလိုက်သလား
ငါ ပြောစရာ(ပေးစရာ) တစ်ခုခုရှိတယ် သူ့ကို
ငါ့ရဲ့ လွန်လေပြီးသော ဒဏ်ရာ အဟောင်းအနွမ်းလေး အကြောင်း
ဒါမှမဟုတ်
လတ်လတ်ဆတ်ဆတ် ၀င်တိုက်မိခဲ့တဲ့ ခဲတစ်လုံး အကြောင်း
ဒါမှမဟုတ် . . . မနက်အိပ်ရာထမှာ သမ်းဝေမိခဲ့တဲ့ အကြောင်း
အကြောင်းအရာ ၊ မာတိကာ
လောင်ကျွမ်းနေ သောက ဗျာပါဒ များ
လောင်ကျွမ်းနေသော ကဗျာ ပါဒ များ
တည်နေရာ ၊ အကျယ်အ၀န်း ၊ မိုင်များ
ပြောဇာတ် ၊ ပြဇာတ် ၊ လုပ်ဇာတ် ၊ ထိုးဇာတ် တွေလား
ငါ့စိတ်နဲ့ ငါ့အရိပ်
အရုပ်ကိုတစ်ကွက်ချင်း ဆက် ၊ ပြီးတော့ ပြန်ဖျက် ၊ နောက် ပြန်ဆက်
မီးခိုးတွေ အူထွက်လာအောင် ရှို့ပစ်
မိုင်းကွင်းပေါ် တက်နင်းမိထားတဲ့ ခြေထောက်
ရွေ့လိုက်တာနဲ့ တစ်စစီ တစ်စစီ လွင့်စင် ကွဲထွက် သွားသလိုမျိုး
မြွေပဲ
'' ဟ '' နေတဲ့အထဲ အဆုံထိတိုးဝင် လို့
အရိပ်တွေလား
အစက် အပြောက်များ ၊ ကျမ်းကိုး စာရင်း
သတင်းစာ ဖြတ်စများ ၊ ပုဒ်မ
ရာဇ၀င်အဆက်ဆက် သူရဲကောင်းတို့၏ အမည်နာမများ
ပါရီ မြို့ကမှော်ဆရာများ
နမိတ် တဘောင်များ ၊ မီးကျိုးမောင်းပျက် ဒဿနများ
ဗုံမဟုတ်ပတ်မဟုတ် ဘ၀နေနည်းများ ၊ ပုံတို ပတ်စ များ
( လက်သည်းကွင်းထဲ က အရှိတရား / အဇြေ )
သံလိုက် အမှုံအမွှား အစ အန များ တဆတ်ဆတ် တွန်းထိုးရုန်းကန်နေကြ
လက်ပူးလက်ကြပ်မိထားတဲ့ လေတောင် အစိတ်စိတ်အမွှာမွှာ ကွဲအက်
အမှိုက်ပုံလိုပဲ ရှုပ်ရှပ် ခတ် တစ်စစီ ပြန့်ကျဲလို့
့ ရုပ်ခန္ဓာ အစိုင်အခဲ ဖြစ်တည်မှု
ငါ့ သွေးကြောတစ်လျှောက်
တလိမ့်ခေါက်ကွေး ဆန်တက်လာသော အက္ခရာများ
နောက်ဆုံး မျဉ်းစောင်းတစ်ခု
ငါ့လည်မျိုမှာ စောင်းငန်းငန်း လာ တစ်နေတယ်
အမှောင်ကို နံရံအပြည့်ဆွဲချ
လက်စလက်န မကျန်အောင် အစဖျောက်ပစ်လိုက်တယ်
ဘာကိုမှ မမြင်ရတော့တဲ့အထိ
ကြယ် ပန်း လူ
Posted on
6:21 AM
by ကြယ်ပန်းလူ
မျက် လှည့် ဆ ရာ နဲ့ လူ ပြက်
သူ့လက်နဲ့ ထိရင် မီးထတောက်တဲ့ မျက်လှည့်ဆရာ
သူ့မှော်ဝင်သေတ္တာလေးနဲ့ စင်ပေါ်မှာ ရှုတည်တည်ရပ်နေတယ်
ကုတ်အင်္ကျီ ရှည်ရှည်မည်းမည်းကြီးထဲ လက်နှစ်ဖက်နှိုက်လို့
အာမေဋိတ်သံတွေကို ဆာလောင်နေပုံမျိုး
အရူးတွေကို အရိုးထိရူးအောင်လုပ်မဲ့ပုံမျိုး
အ၀တ်အစား ကြောင်ကြောင်ကြားကြားနဲ့ လူပြက်
အရေခွံထူတဲ့ သတ္တ၀ါတစ်ကောင်လို
တစ်လောကလုံးကို ရယ်သွမ်းသွေးပစ်မဲ့ ပုံမျိုး
စင်ထောင့်ကရပ်ကြည့်လို့
မျက်လှည့်ဆရာလက်ထဲမှာ
စက္ကူတစ်ရွက်ဟာ ပန်းတစ်ပွင့်ဖြစ်သွားနိုင်တယ်
ကြယ်တွေ အခိုင်လိုက် ကြွေကျလာနိုင်တယ်
ကြိုးတစ်ချောင်းဟာ မြွေတစ်ကောင်ဖြစ်သွားနိုင်တယ်
သူ့သေတ္တာထဲဝင်ပြီး ကိုယ်ရောင်ဖျောက်ပြနိုင်တယ်
မျက်လှည့်ဆရာက ပြောတယ်
သူ့“ လက်နှစ်ဖက်ပေါ်မှာ
ကမ္ဘာကိုတစ်ခြမ်းစီတင်ထားလို့ ရတယ် ” တဲ့
အရေထူ လူပြက်
လက်လက် ပပ ပြုံးတယ်
မှော်ဝင် ပဉ္စလက်
မှော်ဝင်သေတ္တာ ၊ မှော်ဝင်လက်
ယုတ်စွအဆုံး မျက်လှည့်ဆရာကိုယ်တိုင်
လူပြက်တစ်ယောက်အတွက်တော့
ပြောင်မြောက်တဲ့ “ ပြက်လုံး ” တွေပါပဲ
ကြယ် ပန်း လူ