တစ် စ စီ တစ် စ စီ စုတ်ပြတ်

Posted on 7:34 AM by ကြယ်ပန်းလူ

တစ် စ စီ တစ် စ စီ စုတ်ပြတ်


ကျွန်တော့်ခြေသလုံးထဲ
ကိုးလက်မ စတီး(လ်)ချောင်းတစ်ချောင်း မူလီဆွဲထားတယ်
ခလုပ်နှိပ်လိုက်တဲ့အခါ
ခန္ဓာကိုယ်က ပေါက်ကွဲချင်နေပြီ
အာရုံကြောမှာ ရှော့ခ် ဖြစ်နေပြီထင်တယ်
ရန်ကုန်
ဒီမြို့ကြီးလည်း နေသားတကျ အရသာရှိပါတယ်
ဆယ့်ရှစ်နှစ်ပြည့်ပေမဲ့ လက်မစုပ်နေတဲ့ကောင်တွေ
အုန်းလက်မြင်းတွေ ခွာသံပေးဖုန်ထတာတွေ
ကြည့်လို့ကောင်းတယ် မိုက်တယ်
ပြော ကျော့ကျော့ခိုင် ပြော
အင်း . . . သတိရပါတယ်
ရာသီဥတုပူတယ် နေကောင်းအောင်နေနော်
အဲဒီလိုပဲ ကျော့ကျော့ခိုင်က ပေါက်တက်ကရ
သူ ပလူတို ကိုရောက်နေတဲ့အကြောင်း
သတိရတဲ့အကြောင်း ဖုန်းဆက်တယ်
ခပ်တည်တည်ပဲ
သူလည်း ပါးပါးပဲကျန်တော့တာပါ
ကျွန်တော်လည်းသူ့ကို ခံစားလို့မရပါဘူး
ဟိုကဗျာကြိုက်တယ်
္ဒ္ဓ`ငါနဲ့ကဗျာ နဲ့ ဟန်ဆောင်ပန်ဆောင်´
ကဗျာဆရာနာမည် မမှတ်မိ
အိမ်မြှောင်စုပ်ထိုးသံကြားရတယ်
လာဘ်လား ၊ မဖြစ်နိုင်ဘူး (အဲဒါရှေးရိုးစွဲတွေ)
လာဘ်မကောင်းတာ ဆယ်နှစ်လောက်ရှိပြီ
ဒီနေ့ ဖောင်တင်စရာရှိတယ်
ကိုယ်ရေးရာဇ၀င် ၊ မှတ်ပုံတင်မိတ္တူ
အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံစာ
လက်ဝဲ လက်ယာ လက်ဗွေပုံစံတွေ နှိပ်ပေးခဲ့တယ်
ကောင်းကင်ဘုံပဲရောက်ရောက် ငရဲပဲရောက်ရောက်
ကျွန်တော့ဖောင်တော့တင်ပြီးသွားပြီ
ဒီနေ့ည သူငယ်ချင်း ဟော်လေးဆီသွားမယ်
ဟော်လေးက ဓါတ်ပုံဆရာ
လူတွေရဲ့မျက်နှာပေါ်က အမည်းစက်တွေ မြင်မကောင်းတာတွေကို
ကွန်ပျူတာနဲ့ ပြင်တယ်
သူလုပ်တာတွေကို ဘေးကထိုင်ရှုံ့ချတယ်
ပြီးရင် ဘီယာခွက်ထဲ ၀ီစကီ ထည့်သောက်တယ်
ဒရမ်ရိုက်ချင်း ပြင်းပြင်း ဂီတကိုနားထောင်တယ်
ငယ်ငယ်က ဘော်ဒါတွေ
ဟိုးအရှေ့အနောက်ကျွန်းတွေဆီ အိပ်မက်သွားဝယ်နေတဲ့အကြောင်း
ပြောမယ် ဖောမယ်
ပြီးရင် မှောက်အိပ်
အိပ်မက်ဆိုတာ မနက်ကျရင်ပျောက်သွားမှာ
ဟိုဝထ္တုထဲက ဟိုမင်းသမီး ဒိုင်ယာလောခ့်
`မနက်ဖြန်မှစဉ်းစားကြတာပေါ့´
ခရစ်နှစ် နှစ်ထောင့်တစ်ဆယ် ၊ အသက် နှစ်ဆယ့်သုံးခွဲ
ကျွန်တော့်နေထိုင်မှုပုံစံက အဲဒီလိုရှိပါတယ် ။




ကြယ်ပန်းလူ

0 comments:

Post a Comment