ကျွန်တော်ပိုပြီးပြင်းတဲ့နေရောင်ခြည်လိုချင်ပါတယ်


ဘ၀ကိုဖဲပွတ်သလိုပွတ်ကြည့်ရတဲ့အရသာ
ဘယ်လိုနေမလဲ
ကျွန်တော်က သွေးအေးသတ္တ၀ါလည်းဖြစ်ချင်တယ်
လူပြက်လည်းဖြစ်ချင်တယ်
အတော်ဆုံးတောင်တက်သမားလည်းဖြစ်ချင်ပြန်တယ်

ဆေးဆိုးထားသောဒုက္ခကိုစားသုံးပြီးနောက်
ဒုက္ခဆိုတာလှလှလေးမှန်းသိလာတယ်
ငွေကြေးဟာ အရသာအစုံရှိပါတယ်
နာကျင်မှုတွေကလည်း အရသာအစုံရှိတာပါပဲ

ကျွန်တော် ဒီထက်ပြင်းတဲ့နေရောင်ခြည်လိုချင်ပါတယ်
ကျွန်တော့် အရေပြားတွေ ပိုပြီးမာကျောထူထဲသွားအောင်လို့
နောက်ပြီး အံသွားတွေ ပိုပြီးတိုသွားအောင်လို့


ကြယ်ပန်းလူ

 

 

ဂမ္ဘီရကြတ်ခြေခတ်နဲ့လူ

Posted on 3:16 AM by ကြယ်ပန်းလူ

 

 

ဂမ္ဘီရကြတ်ခြေခတ်နဲ့လူ

မိုးကောင်းကင် အပြာရောင်ကို
ခံစားလို့မရတော့တဲ့အခါ
ဂမ္ဘီရကြတ်ခြေခတ်နဲ့လူ
ငရဲကို ဇောက်ထိုးဆင်းသွားတယ်


ကြယ် ပန်း လူ

 

 

 


ဂျိုးရယ် ကျွန်တော်ရယ် မအောင်မြင်တဲ့စိုက်ခင်းတွေရယ်

အမှောင်ထဲမှာ
အံကြိတ်သံကိုကြားရတယ်
မျက်လုံးတွေက မီးဝင်းဝင်းတောက်လို့
ဘာမှလုပ်လို့မရသေးဘူး ဂျိုး
ခဏလောက်
မင်းရူးချင်ယောင်ဆောင်နေလိုက်
မျက်လုံးကိုပိတ် နားကိုအူထားပါ
လမ်းကိုမမြင်ရသေးဘူး
မင်းကျောပေါ်က နေလောင်ကွက်တွေက
အရုပ်ဆိုးလှရဲ့
ခဏစောင့်ပါ ဂျိုး
ဒါဟာ ငါတို့ကြွက်သားတွေကို မာကျောစေမဲ့ လေ့ကျင့်ခန်းတွေပဲ
မအောင်မြင်တဲ့ စိုက်ခင်းကိုလွမ်းနေလား
ဗုံတီးတိုင်း မိုးမရွာဘူး ဂျိုး
အမြီးရှည်ရှည် မြေကြွက်မည်းမည်းတွေ
စိုက်ခင်းတွေကိုကိုက်ယူဝါးမြိုလို့
ရေကြီး ၊ မီးလောင် ၊ လေကြမ်း ၊ ဓါးပြတိုက်
မသေခင်ကျတဲ့ ငရဲပဲ
သေချင်ကိုယ့်လျှာကိုယ် ကိုက်သေ
လောလောဆယ်
တုံးအောက်ကဖား
ဘာမှလုပ်လို့မရသေးဘူး ဂျိုး
တောင်ကုန်းမှာ တောမီးတွေလောင်လို့
တောကြောင်တွေလက်ခမောင်းခတ်လို့
မီးဟာ လောင်လို့ပဲ မဆုံးတော့ဘူး
ဘာမှလုပ်လို့မရသေးဘူး ဂျိုး
ဆာလောင်နေတဲ့ မြေခွေးတွေ
မိုက်မဲတဲ့ ခွေးအတွေ
ရွံစရာကောင်းတဲ့ သတ္တ၀ါတွေ
ညဟာနက်သထက်နက်လာ
ကြယ်မစုံကောင်းကင်ပဲရှိတယ် ဂျိုး
`အ´နေတဲ့ မြေပေါ် ချွေးတွေ သွေးတွေ တစက်စက်ကျ
ဖိကိုက်ထားတဲ့ နှုတ်ခမ်းက နီရဲတဲ့သွေးတွေ
မလုပ်နဲ့
`သွေး´ နည်းလို့မဖြစ်ဘူး ဂျိုး
တောင်ယာခုတ်တဲ့ဓါးကိုသွေးထားပါ
လက်မောင်းကသတ္တိကို နှလုံးသားထဲ ဆွဲသွင်းထားပါ
ကမ္ဘာပြုမိုးဟာ ရွာတော့မှာပါ
ကျခဲ့တဲ့ချွေးတွေ သွေးတွေ များပြီပဲ
စိုက်ခင်းတွေ ပြန်လည်စိမ်းလန်းလာမှာပါ
လရောင်ဟာဖြာကျလာဦးမှာပါ
အခုတော့ ဘာမှလုပ်လို့မရသေးဘူး ဂျိုး ။                      ။



ကြယ်ပန်းလူ
 

 

 

သင့်ချစ်သူဟာ စက်ရုပ်တစ်ရုပ်ဖြစ်တယ် ဆိုပါစို့


ချစ်သူအဖြစ် အဖေါ်ပြုနိုင်သောစက်ရုပ်
မိန်းကလေး အစစ်နှင့်တူသော စက်ရုပ်တစ်ရုပ်
ချစ်သူလိုက်ရှာနိုင်ရန် အချိန်မရှိ
ပြုံးနိုင်ဧ။် ၊ မဲ့နိုင်ဧ။် နဖူးကြောများကိုတွန့်နိုင်ဧ။်
တကယ့်အမူအရာကို ဘာသာပြန်နိုင်သော ဆော့ဖ်ဝဲ ပါရှိပြီး
တုန့်ပြန်စကားပြောနို်င်သည်၊ အမူအရာများကို
တုပလုပ်ဆောင်နိုင်သည်
အရေပြားအဖြစ် လိုက်လျောညီထွေပြောင်းလဲနိုင်သော ရော်ဘာများ
နည်းပညာအရ
လူသားတို့ဧ။် စိတ်ခံစားချက် ၁၀ မျိုးကို အသုံးပြုထား
လူတွေရဲ့ အမူအရာအတိုင်းတစ်ထပ်တည်းကျနေပါပြီ
မိန်းကလေးအစစ်နှင့်တူရုံမျှမက
မိန်းကလေးအစစ်ကဲ့သို့ပင် လိင်စိတ်ရှိသည်
သို့သော်
စက်ရုပ်မိန်းကလေးကို
လိင်ဆက်ဆံ၍ ရအောင်ပြုလုပ်မထားပါ
ချိုသာ၍ ယဉ်ကျေးပြူငှာသောလေသံဖြင့်
ချစ်စဖွယ်စကားကို ဆိုတတ်သည့်အပြင်
နံနက်စာစားချိန်တွင်သတင်းစာဖတ်ပြပြီး
အပြင်သို့အတူတူသွားလည်နိုင်သေးသည်
လူလုပ်ခံစားချက်များ ၊ လူလုပ်စာနာစိတ်များနှင့်
လူသားဆန်မှုများ
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း ၊ စိတ်ဝင်စားခြင်း
စိတ်ခံစားမှုများကို ပရိုဂရမ်များမှတဆင့် သင်ကြားပေးထားသည်
လူသားနဲ့တူရုံနဲ့ လူသားဆန်ပြီလို့ပြောလို့မရသေးပါဘူး
တကယ်တော့
လူလိုပါခံစားနိုင်တယ်ဆိုတာ မဟုတ်ဘူး



ကြယ် ပန်း လူ

တစ် စ စီ တစ် စ စီ စုတ်ပြတ်

Posted on 7:34 AM by ကြယ်ပန်းလူ

တစ် စ စီ တစ် စ စီ စုတ်ပြတ်


ကျွန်တော့်ခြေသလုံးထဲ
ကိုးလက်မ စတီး(လ်)ချောင်းတစ်ချောင်း မူလီဆွဲထားတယ်
ခလုပ်နှိပ်လိုက်တဲ့အခါ
ခန္ဓာကိုယ်က ပေါက်ကွဲချင်နေပြီ
အာရုံကြောမှာ ရှော့ခ် ဖြစ်နေပြီထင်တယ်
ရန်ကုန်
ဒီမြို့ကြီးလည်း နေသားတကျ အရသာရှိပါတယ်
ဆယ့်ရှစ်နှစ်ပြည့်ပေမဲ့ လက်မစုပ်နေတဲ့ကောင်တွေ
အုန်းလက်မြင်းတွေ ခွာသံပေးဖုန်ထတာတွေ
ကြည့်လို့ကောင်းတယ် မိုက်တယ်
ပြော ကျော့ကျော့ခိုင် ပြော
အင်း . . . သတိရပါတယ်
ရာသီဥတုပူတယ် နေကောင်းအောင်နေနော်
အဲဒီလိုပဲ ကျော့ကျော့ခိုင်က ပေါက်တက်ကရ
သူ ပလူတို ကိုရောက်နေတဲ့အကြောင်း
သတိရတဲ့အကြောင်း ဖုန်းဆက်တယ်
ခပ်တည်တည်ပဲ
သူလည်း ပါးပါးပဲကျန်တော့တာပါ
ကျွန်တော်လည်းသူ့ကို ခံစားလို့မရပါဘူး
ဟိုကဗျာကြိုက်တယ်
္ဒ္ဓ`ငါနဲ့ကဗျာ နဲ့ ဟန်ဆောင်ပန်ဆောင်´
ကဗျာဆရာနာမည် မမှတ်မိ
အိမ်မြှောင်စုပ်ထိုးသံကြားရတယ်
လာဘ်လား ၊ မဖြစ်နိုင်ဘူး (အဲဒါရှေးရိုးစွဲတွေ)
လာဘ်မကောင်းတာ ဆယ်နှစ်လောက်ရှိပြီ
ဒီနေ့ ဖောင်တင်စရာရှိတယ်
ကိုယ်ရေးရာဇ၀င် ၊ မှတ်ပုံတင်မိတ္တူ
အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံစာ
လက်ဝဲ လက်ယာ လက်ဗွေပုံစံတွေ နှိပ်ပေးခဲ့တယ်
ကောင်းကင်ဘုံပဲရောက်ရောက် ငရဲပဲရောက်ရောက်
ကျွန်တော့ဖောင်တော့တင်ပြီးသွားပြီ
ဒီနေ့ည သူငယ်ချင်း ဟော်လေးဆီသွားမယ်
ဟော်လေးက ဓါတ်ပုံဆရာ
လူတွေရဲ့မျက်နှာပေါ်က အမည်းစက်တွေ မြင်မကောင်းတာတွေကို
ကွန်ပျူတာနဲ့ ပြင်တယ်
သူလုပ်တာတွေကို ဘေးကထိုင်ရှုံ့ချတယ်
ပြီးရင် ဘီယာခွက်ထဲ ၀ီစကီ ထည့်သောက်တယ်
ဒရမ်ရိုက်ချင်း ပြင်းပြင်း ဂီတကိုနားထောင်တယ်
ငယ်ငယ်က ဘော်ဒါတွေ
ဟိုးအရှေ့အနောက်ကျွန်းတွေဆီ အိပ်မက်သွားဝယ်နေတဲ့အကြောင်း
ပြောမယ် ဖောမယ်
ပြီးရင် မှောက်အိပ်
အိပ်မက်ဆိုတာ မနက်ကျရင်ပျောက်သွားမှာ
ဟိုဝထ္တုထဲက ဟိုမင်းသမီး ဒိုင်ယာလောခ့်
`မနက်ဖြန်မှစဉ်းစားကြတာပေါ့´
ခရစ်နှစ် နှစ်ထောင့်တစ်ဆယ် ၊ အသက် နှစ်ဆယ့်သုံးခွဲ
ကျွန်တော့်နေထိုင်မှုပုံစံက အဲဒီလိုရှိပါတယ် ။




ကြယ်ပန်းလူ

အငြိ

Posted on 7:54 PM by ကြယ်ပန်းလူ

ငြိ


ကောင်းကင်ပွင့်ပြီလား
မှုန်ဝါးဝါးနွေရာသီတွေ ငါ့အတွက်များနေပြီ
ဘယ်ကိုရောက်မယ်မှန်းမသိ
လှေခါးဆိုရင် ကိုယ်ကတက်တက်သွားချင်တယ်

ဘယ်ကလာ အမေရယ်
ကျွန်တော့်မှာ အဖြူတွေဒေါင်လိုက်ကြီး
ကျွန်တော့်ဇာတာရော ရှိသေးလား

နဖူး စာလာမရေးပါနဲ့
တကယ်ဆိုရင် ရင်ဘတ်မှာရေးပါ
ပြန်ငုံ့ဖတ်ပြီး
ပယ်ပယ်နယ်နယ် ဖူးပွင့်ချင်တာပေါ့
တယောကိုင်ပြီး လာမကြည့်နဲ့
ကျွန်တော့်ကိုယ် ကျွန်တော်
ကြိုးတပ်တီးခတ်နေတာ

အဲဒီမိန်းမ
မိုးထိတိုက်ပေါ်မှာ သူမနေတယ်
လူညာမကြီးပေါ့
ကျွန်တော်သာ “အရောင်” ဆိုရင်
သူ့ကို မမြင်ရအောင် “မှောင်”ပစ်လိုက်မယ်
ရပါတယ်ကောင်မလေးရယ်
အခုတော့ဝမ်းနည်းပါတယ်
နင်နဲ့ငါ နက္ခတ်တစ်လုံးစာ ဝေးခဲ့ပြီ
မနေ့ကနေသာတယ်
ပန်းတွေရယ်
အားလုံး “စံပယ်” ဖြစ်လိုက်ပါတော့

ကျွန်တော်စိတ်မရှည်ခဲ့ဘူး
ဆရာကြီးမို့လဲ သည်းခံခဲ့ပါတယ်
အဲဒီတရားဟောဆရာ
ကျွန်တော့်ကို ဘယ်နှစ်ဒီဂရီရှိလဲ
သူ့ကျင်တွယ်နဲ့ချိန်တယ်
ကျွန်တော်မှိန်ပေးလိုက်ပါတယ်
ရိုင်းတာက ကျွန်တော်ပါ
ဒါပေမဲ့
သူ ယဉ်ကျေးတာက
ကျွန်တော့်ကို အငွေ့နဲ့ ထိခိုက်တယ်
ကျွန်တော့်ခြေသံကိုက နည်းနည်းကျယ်တယ်
ရပါတယ်
ကျွန်တော့်ကို ကုန်အောင် မစားလိုက်ရင် ပြီးတာပဲ

ကျွန်တော့်ကို မီးပူတိုက်ပေးပါ
ကိုယ့်ကိုယ်ကို အချိုးမပြေကြောင်း
မနေ့ကသိလိုက်တယ်


ကြယ် ပန်း လူ

Posted on 10:24 PM by ကြယ်ပန်းလူ

လက်ဖျံရိုးချင်းဆက်အမွှာ (သို့မဟုတ်) နေကြီး


သွေးမတော်သားမစပ်ညီအစ်ကို
လက်ဖျံရိုးချင်းဆက် အမွှာ
နေကြီး
မင်း ရုပ်ရှင်တွေသိပ်မကြည့်နဲ့
မင်းက အမြဲတမ်းဖိနပ်ပျောက်နေတဲ့ကောင်
သေနင်္ကဗျူဟာကျမ်းကြီးနဲ့
ဒုတ်မရှိ ဓါးမရှိ သူရဲကောင်းလုပ်ချင်နေတဲ့ကောင်
ဘယ်အိပ်မက်ကြီးဝယ်ချင်လဲ
မင်းမှာသွေးရှိတယ်
ရတယ်
မင်း အာရေဗျ ဘာသာစကားနဲ့ပြောလည်း
ငါနားလည်တယ်

နေကြီး ဟေ့ကောင်

ငါတို့ညတွေနည်းနည်းမှောင်တယ်
ဓါးရိုးကိုတင်းတင်းဆုပ်ထား
ကိုးကွယ်စရာမလိုဘူး
ဒုတိယဘုရားသခင်ကို ခြေထောက်အောက်ချနင်းပစ်မယ်
ငါတို့ဖတ်စာအုပ်ထဲကအတိုင်း
လေသံလား မြွေသံလား နားထောင်
ချိုလိမ်တွေကို ခဏခေါက်ထား
လမ်းပိတ်တယ်
အဲဒါ ငါတို့လမ်းပေါ်က ကျောက်ခဲတွေ
ဘုန်းကြီးသူရဲခေါင်းပေါင်းနဲ့
ငါက ကြက်ခြေခတ် နည်းနည်းများတယ်
မင်းဂရုဏာဒေါသတွေကိုငါချစ်ပါတယ်
လောလောဆယ်
ငါတို့နှစ်ယောက် ရင်ငွေ့ငတ်တယ်
ကိုငှက်ကြီးနဲ့ အတူတူအော်မယ်
ဆေးလိပ်တစ်လိပ်က အသက်သုံးမိနစ်တိုတယ်
မင်းနဲ့ငါ တစ်မိနစ်ခွဲစီ
စနေသားနှစ်ကောင်
အမောက်တထောင်ထောင်နဲ့
ငါတို့မှာ ဂျိုကာနှစ်ကောင်ရှိတယ်
ဟိုပါဠိ စကားကောင် ဒုက္ခ
ငါတို့မှာ အလံမရှိဘူး ဒိုးတော့

နေကြီး ဟေ့ကောင်

မင်းနဲ့ငါက သွေးမတော်သားမစပ်ညီအစ်ကို
လက်ဇျံရိုးချင်းဆက်ထားတဲ့ အမွှာ


ကြယ် ပန်း လူ

စကြာဝဠာရဲ့ နံရံတွေ

Posted on 9:55 PM by ကြယ်ပန်းလူ

စကြာဝဠာရဲ့ နံရံတွေ


ငါ့အခန်းတံခါးကို လာခေါက်နေတာ ဘယ်သူလဲ

မြူတွေလား ၊ ဖုန်တွေလား ၊ စက္ကူပန်းတွေလား

ပြက္ခဒိန်အလိုအရ

ဒီနေ့ဟာ ဘာနေ့ဖြစ်မလဲ

လမ်းမပေါ်မှာတံလျှပ်တွေရှိနေလား

မိုးတွေရွာပြီးသွားရင် နှင်းတွေတကယ်ကျလာမှာလား

မိန်းမတစ်ယောက်သားကြောဖြတ်သလို

အရာရာကို ဖြတ်တောက်ထားဖို့မသေချာဘူး

ငါ့ဘေးမှာ ရှိနေတာ ငါ့အရိပ်ဆိုတာ မသေချာဘူး

မပြောဖြစ်သေးတဲ့စကားတွေအတွက် စိုးရိမ်တယ်

မီးလောင်လိုက် ရေနစ်လိုက်နဲ့

ငါ့ ခန္ဓာ က အငွေ့နဲ့တည်ဆောက်ထားတာ

စီးကရက်ဘူး ထဲက ဆေးလိပ်တွေ

ပြာခွက်ထဲ လာသေနေတယ်

ညနေက ကြယ်

အလင်းနဲ့ အတူသေသွားတယ်

ခဏလေးပဲ

ငါးမျှားချိတ်ကို မတင်လိုက်ပါတော့

ရေထဲမှာ ဘာငါးမှမရှိဘူး

စကြာဝဠာ ဟာ သုညတစ်လုံးပဲ

မံမီတွေလို မသေခင်က ဆေးစိမ်နေတဲ့မိန်းမတွေ

သဘာဝသမိုင်းပြတိုက်ထဲက ဒိုင်နိုဆော အရိုးစုတွေ

အံစာတုံးတစ်တုံးရဲ့ မျက်နှာပြင်တွေ

စကြာဝဠာ ရဲ့ နံရံတစ်ဖက်ကိုထိစမ်းချင်စိတ်နဲ့

ရူးချင်ယောင်ဆောင်နေတဲ့အရူးကို လွှတ်ထားလိုက်ပါ



ကြယ် ပန်း လူ

တက်တူး

Posted on 1:13 AM by ကြယ်ပန်းလူ

တက်တူး

အရိုးထိစွဲအောင် တက်တူးထိုးလိုက်တယ်

“မင်းကိုချစ်တယ်ဆိုတာ

သံသရာကို စိန်ခေါ်လိုက်တာပဲ”


           
                                    ကြယ် ပန်း လူ