ဂျိုးရယ် ကျွန်တော်ရယ် မအောင်မြင်တဲ့စိုက်ခင်းတွေရယ်

အမှောင်ထဲမှာ
အံကြိတ်သံကိုကြားရတယ်
မျက်လုံးတွေက မီးဝင်းဝင်းတောက်လို့
ဘာမှလုပ်လို့မရသေးဘူး ဂျိုး
ခဏလောက်
မင်းရူးချင်ယောင်ဆောင်နေလိုက်
မျက်လုံးကိုပိတ် နားကိုအူထားပါ
လမ်းကိုမမြင်ရသေးဘူး
ကျွဲပုခုံးထနေပြီလား
မောနေပြီလား
မင်းကျောပေါ်က နေလောင်ကွက်တွေက
အရုပ်ဆိုးလှရဲ့
ခဏစောင့်ပါ ဂျိုး
ဒါဟာ ငါတို့ကြွက်သားတွေကို မာကျောစေမဲ့ လေ့ကျင့်ခန်းတွေပဲ
မအောင်မြင်တဲ့ စိုက်ခင်းကိုလွမ်းနေလား
ဗုံတီးတိုင်း မိုးမရွာဘူး ဂျိုး
အမြီးရှည်ရှည် မြေကြွက်မည်းမည်းတွေ
စိုက်ခင်းတွေကိုကိုက်ယူဝါးမြိုလို့
ရေကြီး ၊ မီးလောင် ၊ လေကြမ်း ၊ ဓါးပြတိုက်
မသေခင်ကျတဲ့ ငရဲပဲ
သေချင်ကိုယ့်လျှာကိုယ် ကိုက်သေ
လောလောဆယ်
တုံးအောက်ကဖား
ဘာမှလုပ်လို့မရသေးဘူး ဂျိုး
တောင်ကုန်းမှာ တောမီးတွေလောင်လို့
တောကြောင်တွေလက်ခမောင်းခတ်လို့
မီးဟာ လောင်လို့ပဲ မဆုံးတော့ဘူး
ဘာမှလုပ်လို့မရသေးဘူး ဂျိုး
ဆာလောင်နေတဲ့ မြေခွေးတွေ
မိုက်မဲတဲ့ ခွေးအတွေ
ရွံစရာကောင်းတဲ့ သတ္တ၀ါတွေ
ညဟာနက်သထက်နက်လာ
ကြယ်မစုံကောင်းကင်ပဲရှိတယ် ဂျိုး
`အ´နေတဲ့ မြေပေါ် ချွေးတွေ သွေးတွေ တစက်စက်ကျ
ဖိကိုက်ထားတဲ့ နှုတ်ခမ်းက နီရဲတဲ့သွေးတွေ
မလုပ်နဲ့
`သွေး´ နည်းလို့မဖြစ်ဘူး ဂျိုး
တောင်ယာခုတ်တဲ့ဓါးကိုသွေးထားပါ
လက်မောင်းကသတ္တိကို နှလုံးသားထဲ ဆွဲသွင်းထားပါ
ကမ္ဘာပြုမိုးဟာ ရွာတော့မှာပါ
ကျခဲ့တဲ့ချွေးတွေ သွေးတွေ များပြီပဲ
စိုက်ခင်းတွေ ပြန်လည်စိမ်းလန်းလာမှာပါ
လရောင်ဟာဖြာကျလာဦးမှာပါ
အခုတော့ ဘာမှလုပ်လို့မရသေးဘူး ဂျိုး ။                      ။



ကြယ်ပန်းလူ
 

 

 

0 comments:

Post a Comment